မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပကုမ္ပဏီ နှစ်ခု အနက် လတ်တလောတွင် Telenor ကပေးမည့် ဝန်ဆောင်မှုများက ပိုမိုအားသာ





မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ Tele-nor နှင့် Ooredoo ပြည်ပကုမ္ပဏီ နှစ်ခု အနက်မှ Telenor ၏ ဝန်ဆောင်မှုနှင့် ကြေညာချက်များကို မြန်မာ ပြည်သူလူထုမှ ပိုမို အကြိုက်တွေ့ နှစ်သက်လျက် ရှိကြောင်း လေ့လာ စုံစမ်းမှုများ အရ သိရသည်။


Telenor ကုမ္ပဏီမှ ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၂၅ ကျပ်ဟု သတင်း မီဒီယာများနှင့် ပြည်သူလူထု ထံသို့ အတိအလင်း ကြေညာ လိုက်သော်လည်း Ooredoo ကုမ္ပဏီကမူ ဖုန်းခေါ်ဆိုခ နှုန်းထားကို တစ်မိနစ်လျှင် ၃၅ ကျပ်မှ ၄၅ ကျပ်ဟု ယာယီ သတ်မှတ်ထားပြီး ထွက်ရှိလာပါက အံ့အားသင့်ဖွယ် ဈေးနှုန်း ဖြစ်လာမည် ဟုသာ ကြေညာထားသည်။
”အဓိကက ဖုန်း ခေါ်ဆိုခ နှုန်းထားပဲ။ Telenor က ဖုန်းခေါ်ဆိုခ ၂၅ ကျပ်ဆိုပြီး နေ့စဉ်ထုတ် သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဖော်ပြတယ်။ Ooredoo က ဖုန်းခေါ်ဆိုခ ပိုမြင့်နေတယ်။ တစ်ခုရှိတာ Ooredoo က ယာယီ သတ်မှတ်ထားတယ်။ တကယ်တမ်းမှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ်။ လက်ရှိ အချိန်ထိ Telenor ရဲ့ ဖုန်း ခေါ်ဆိုခကတော့ စိတ်ဝင်စားစရာပဲ” ဟု IT ပညာရှင် ကိုဇော်မျိုးထွန်းက ပြောကြားခဲ့သည်။
အလုပ်သမား ခေါ်ယူမှု အပိုင်းနှင့်ပတ်သက်၍ Telenor နှင့် Ooredoo ကုမ္ပဏီ နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် လည်း Telenor မှာ ယခုလမှ စတင်၍ စက်တင်ဘာအထိ စီမံခန့်ခွဲမှု လုပ်သား ၂၅ ဦး၊ အောက်တိုဘာမှ ဒီဇင်ဘာ အထိ နည်းပညာ ကျွမ်းကျင် လုပ်သားများ၊ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း အခြား လုပ်သားများ ခေါ်ယူမည်ဟု ကြေညာ ထားသော်လည်း Ooredoo ကုမ္ပဏီကမူ လုပ်သားဦးရေ မည်မျှ ခေါ်ယူမည်ကို ထုတ်ပြန် ကြေညာခြင်း မရှိဘဲ မြန်မာနိုင်ငံရှိ အကောင်းဆုံး၊ အတော်ဆုံး သူများကိုသာ ခေါ်ယူသွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန် ကြေညာထားသည်။
ယင်း ကုမ္ပဏီနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် Ooredoo ကုမ္ပဏီမှာ Telenor ကုမ္ပဏီထက် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ပိုများကြောင်း သိရသည်။
Ref & Credit: Myawaddy News

ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ